လူ့ခန္ဓာကိုယ်မှာ ရေရဲ့ လုပ်ဆောင်ပုံတွေကတော့ အံမခန်းပါပဲ။ လူ့ခန္ဓာကိုယ်က ရေကို ကောင်းကောင်းမွန်မွန် အသုံးချဖို့ လူတစ်ယောက်က တစ်ရက်ကို ရေပမာဏ ဘယ်လောက် သောက်ရမလဲဆိုတာကိုတော့ အငြင်းပွားဆဲပါပဲ။ ဒါပေမယ့် အဖြေက ရှင်းရှင်းလေးပါပဲ။ ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ် အသိဆုံးပါပဲ။ အဓိကအားဖြင့် ခန္ဓာကိုယ်ရဲ့ ရေလိုအပ်ချက်က အောက်ပါ အချက်တွေ အပေါ်မှာ မူတည်နေပါတယ်။
၁။ ခန္ဓာကိုယ် လှူပ်ရှားမှူ
၂။ အရပ်ဒေသ
၃။ ကျန်းမာရေး အခြေအနေ
ကိုယ်လက်လှူပ်ရှားမှူများတဲ့အခါ၊ ကာယလေ့ကျင့်ခန်း လုပ်ထားတဲ့ အခါတွေမှာ ရေများများလိုပါတယ်။ ပူပြင်းတဲ့ အရပ်ဒေသတွေမှာ ရေများများ သောက်ဖို့ လိုပါတယ်။ ဒါတွေကို အားလုံးသိကြပြီးသားပါ။ နောက်ပြီး ခန္ဓာကိုယ်ရဲ့ ရေပမာဏ လိုအပ်ချက်က မိမိရဲ့ ကျန်းမာရေး အခြေအနေနဲ့လည်း ဆက်စပ်မှူ ရှိနေပါသေးတယ်။
သောက်သုံးလိုက်တဲ့ ရေက ခန္ဓာကိုယ်မှာ ဘာအလုပ်တွေ လုပ်တာလဲ ...
ဒါကိုတော့ လူတိုင်း သတိထားမိကြမှာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ အစာမစားဘဲ တစ်လလောက် နေနိုင်ပေမယ့်၊ ရေမသောက်ဘဲနဲ့တော့ ၃ရက်ထက်ပိုပြီး အသက်မရှင်နိုင်ပါဘူး။
ရေရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ ...
၁။ ဝမ်းမချုပ်အောင် ကာကွယ်ပေးတယ်၊
၂။ အညစ်အကြေးတွေကို ပျော်ဝင်စေပြီး ဆီးမှ တစ်ဆင့် စွန့်ထုတ်ပေးတယ်၊
၃။ ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးအဆက်တွေမှာ ချောဆီအဖြစ် ဆောင်ရွက်ပေးတယ်၊
၎။ ခန္ဓာကိုယ် အပူချိန်ကို မျှတစေတယ်၊
၅။ တစ်သျှူးနဲ့ ဆဲလ်တွေကို စိုစွတ်ပြီး ရှင်သန်နေစေတယ်၊
၆။ အာဟာရနဲ့ အောက်ဆီဂျင်ကို တစ်သျှူးနဲ့ ဆဲလ်တွေဆီကို ပို့ပေးတယ်၊
ရ။ မျက်ကြည်လွှာ၊ အာခံတွင်း၊ နှခေါင်း စသည်တို့ကို စိုစွတ်နေစေတယ်။
မိမိသောက်လိုက်တဲ့ ရေက ဒါတွေကို လုပ်ဆောင်နေနိုင်ရပါမယ်။ ဒါ့ကြောင့် မိမိသောက်သုံးလိုက်တဲ့ရေက သန့်ရှင်းဖို့ အထူးလိုအပ်တယ်ဆိုတာကိုတော့ အားလုံးသိကြမှာပါ။ ကြားဖူးတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။ ရေဆာတယ်လို့ မိမိကိုယ်မိမိ ခံစားမိတဲ့ အချိန်မှာ အဲဒါ ခန္ဓာကိုယ်ကို ရေပေးဖို့ရာ နောက်ကျနေပါပြီတဲ့။ ဖြစ်နိုင်ပါတယ်။ ရေဆာပြီလို့ ခံစားမိတဲ့ အချိန်မှာ အာခေါင်တွေခြောက်နေပြီ၊ မောပန်းနွမ်းလျနေပြီ။ မိမိသောက်လိုက်တဲ့ ရေက ခန္ဓာကိုယ် တစ်ခုလုံးကိုရောက်ဖို့၊ ပြန်လည်း ဖြန့်ဝေဖို့ အချိန်ယူရဦးမှာမို့ ဆာလို့ သောက်လိုက်တဲ့ အချိန်မှာ နောက်ကျနေပြီလို့ ဆိုတာလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးသွားတဲ့အတွက် ထပ်မံဖြည့်ဆည်းပေးရပါမယ်။ လူအများစုက ရေဆာရင် ကော်ဖီ၊ လဖက်ရည်၊ကိုကာကိုလာ၊ ဘီယာ စသည်တို့နဲ့ အစားထိုးတတ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ရဲ့ ရေလိုအပ်ချက်ကို ပိုမိုစေတယ်ဆိုတာကိုတော့ မသိကြပါဘူး။ အထူးသဖြင့် ချွေးထွက်များတဲ့ လေ့ကာယ လေ့ကျင့်ခန်း လုပ်ပြီးချိန်၊ ဖျားနေချိန်၊ အထက်လန်အအောက်လျှော (ဝမ်းသွားခြင်း၊အော့အန်ခြင်း)ဖြစ်နေချိန်တွင် ခန္ဓာကိုယ်မှ ရေဓာတ်များစွာ လိုအပ်သည်။
ခန္ဓာကိုယ်ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ "လေ"ပြီးရင်၊ "ရေ"ဟာ ဒုတိယ အရေးအကြီးဆုံးပါ၊ ဘာ့ကြောင့်လဲဆိုတော့ လူ့ခန္ဓာကိုယ်မှာ ရေ ၆၆% ပါဝင်ပါတယ်။ ကြွက်သားတွေမှာ ရေ ၇၅%ပါဝင်တယ်။ လူ့ဦးနှောက်ရဲ့ ၇၈% ကလည်း ရေတွေပါပဲ။ နောက်ဆုံးတော့ ကျွနိုပ်တို့ ခန္ဓာကိုယ်ဟာ ရေမြှုပ် တစ်ခုလိုပါပဲ။ အားလုံး ရေတွေချည်းပါပဲ။
ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ရေလိုအပ်ချက်ကို စနစ်တကျ ဖြည့်ဆည်းပေးခြင်းဖြင့် ရနိုင်တဲ့ ရေရဲ့အကျိုးကျေးဇူးတွေကို ဖေါ်ပြရမယ်ဆိုရင်တော့ အောက်ပါ အတိုင်းပါပဲ။
၁။ ကိုယ်အလေးချိန်ကို လျှော့ကျစေတယ်၊
၂။ အဆီကို လောင်ကြွမ်းစေပြီး ကြွက်သားတွေကိုဖြစ်စေတယ်၊
၃။ အရေပြားကို နုပျိုလန်ဆန်းစေတယ်၊
၎။ အရိုးအဆစ်နဲ့ ကြွက်သားတွေ နာကျင်မှူကို သက်သာစေတယ်၊
၅။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်တောက်တွေကို ဖယ်ရှားပေးတယ်၊
၆။ လူကို တက်ကြွလန်းဆန်း နေစေတယ်၊
၇။ နှလုံးရောဂါဖြစ်ပွားနှန်းကို လျော့ကျစေတယ်၊
၈။ အစာခြေစနစ်ကိုထောက်ပံ့ပြီး ဝမ်းသွားရ လွယ်ကူစေတယ်၊
၉။ ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းကို သက်သာစေတယ်၊
၁၀။ ရောဂါကူးစက်ခြင်းနှင့် ဖြစ်ပွားနှုန်းကို လျော့ကျစေတယ်။
အဓိက ကတော့ ရေသောက်မနည်းဖို့နဲ့ ရေသောက် နောက်မကျဖို့ပါပဲ။ ဒါဆိုရင် အခုဖေါ်ပြတဲ့ အကျိုးကျေးဇူးတွေအားလုံး ရပါပြီ။ http://koshweleik.blogspot.com
No comments:
Post a Comment